လူငယ်များနှင့် အိုင်တီပစ္စည်း
Posted in knowledge
No comments
Saturday, 30 November 2013 By htwe naing
ဒီနေ့ခေတ်မှာ အသုံးအများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး အိုင်တီပစ္စည်းကို ပြပါဆိုရင် စမတ်ဖုန်းတွေကို ညွှန်းဆိုရမှာပါ။ စမတ်ဖုန်းထုတ်လုပ်သူတွေ ကလည်းအပြိုင်အဆိုင်၊ နည်းပညာတွေကလည်း အပြိုင်အဆိုင်နဲ့ ၀ယ်ယူသုံးစွဲသူ (Customer) တွေကလည်း ‘ဘယ်ဖုန်းမှကိုင်တာ’ ဆိုပြီး အပြိုင်အဆိုင် လုပ်နေကြတော့ စမတ်ဖုန်းတွေရဲ့ အခန်းကဏ္ဍဟာ တော်တော်လေး ကျယ်ပြန့်လာပါတယ်။
Brand ကောင်းကောင်၊ မော်ဒယ်မြင့်မြင့် စမတ်ဖုန်းတွေဟာ ဈေးကြီးတာမှန်ပေမယ့် သူ့ဟာနဲ့သူ ထိုက်တန်တဲ့ အသုံးဝင်မှုတွေ ရှိကြပါတယ်။ စမတ်ဖုန်းအသစ်တွေ ထုတ်လုပ်လိုက်တဲ့အခါမှာလည်း တစ်ခါတစ်လေ အဆင်မပြေမှုတွေ၊ Error တွေကတော့ အနည်းနဲ့အများ ဆိုသလို ရှိကြစမြဲပါ။
မြန်မာပြည်မှာတော့ စမတ်ဖုန်းအဆင့်မြင့်မြင့်တွေကို လူငယ်တွေ ကိုင်ကြတာ များပါတယ်။ ဖုန်းဆိုင်ကိုလာပြီး ၀ယ်ယူတဲ့အခါမှာလည်း ဒီဇိုင်းလှရဲ့လား? ကင်မရာက ဘယ်လိုလဲ? အင်တာနက်ကော မြန်ပါ့မလား? သီချင်းနားထောင်လို့ ကောင်းလား? ဂိမ်းဆော့လို့ကောင်းလား? အကြမ်းခံလား? စတဲ့ အချက်တွေနဲ့ ဆုံးဖြတ်ပြီး ၀ယ်ယူကြတာပါ။ ၀ယ်ပြီးတဲ့အခါလည်း ဘယ်လောက်အဆင့်မြင့်၊ အသုံးဝင်တဲ့ စမတ်ဖုန်းဖြစ်ဖြစ် အဲဒီအချက်တွေကိုပဲ အဓိက သုံးနေကြတာကို တွေ့ရပါတယ်။
“လူငယ်တွေကတော့ ဓာတ်ပုံရိုက်မယ်၊ သီချင်းနားထောင်မယ်၊ အင်တာနက်သုံးမယ်၊ ဂိမ်းဆော့မယ် ဒါပဲပေါ့ဗျာ.. ပြောရရင် စမတ်ဖုန်းဆိုတာ သူတို့အတွက် အပန်းဖြေတဲ့ ပစ္စည်းတစ်ခုပါပဲ.. တစ်ချို့တွေဆို ဖုန်းလာပြင်တဲ့အခါ ကိုယ့်လက်ထဲ တစ်ရက်တစ်လေလောက် ဖုန်းမရှိတာနဲ့ မနေတတ်တဲ့ လူငယ်တွေတောင် ရှိတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ် ဖုန်းဆိုင်တစ်ဆိုင်မှ ပြောကြားခဲ့ပါတယ်။
အဆင့်မြင့် စမတ်ဖုန်းတွေရဲ့ ကင်မရာတွေနဲ့ ဓာတ်ပုံရိုက်ကြပြီး လူမှုကွန်ရက်တွေမှာ ဓာတ်ပုံတွေ တင်နေကြတာလည်း နေ့စဉ်နဲ့အမျှ မြင်နေ၊ တွေ့နေရမှာပါ။ ဒါ့အပြင် လူငယ်အများစုကလည်း အင်တာနက်ကို မိုဘိုင်းဖုန်းကနေပဲ သုံးနေကြတာ ဖြစ်ပါတယ်။ “စာသင်ခန်းထဲမှာ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ကလေးတွေ အများကြီးပဲ။ အင်တာနက်သုံးတယ်ဆိုလို့ သွားကြည့်လိုက်ရင် Facebook နဲ့ Chatting ပဲ.. တစ်ခြားအကျိုးရှိတဲ့ ကိစ္စတွေ လုပ်တယ်ဆိုတာ မတွေ့ရဘူး။ ဂိမ်းဆော့တဲ့လူကဆော့၊ သီချင်းနားထောင်တဲ့လူက နားထောင်၊ လုပ်ချင်တာ လုပ်နေကြတာ.. ကျောင်းသားတွေ အများကြီးဆိုတော့ ပြောလည်းမနိုင်တော့ဘူးလေ.. အတတ်နိုင်ဆုံးတော့ သူတို့ကို ဆုံးမပါတယ်” တက္ကသိုလ်ဆရာတစ်ဦးမှ ပြောကြားခဲ့တာပါ။
နိုင်ငံတကာမှာတော့ စမတ်ဖုန်းနဲ့ Tablet တွေကို ကျောင်းနေစ ကလေးငယ်များပါ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အသုံးပြုမှုကိုလည်း နည်းမှန်လမ်းမှန်နဲ့ အကျိုးရှိတဲ့ သုံးစွဲမှုဖြစ်အောင် မိဘတွေက တစ်ခါတည်း သင်ပေးထားတာပါ။
ကလေးတွေကလည်း ကျောင်းကပေးတဲ့ Assignment တွေမှာ Reference ယူဖို့ အိုင်တီပစ္စည်းတွေနဲ့ အင်တာနက်ကို ကောင်းကောင်း သုံးစွဲတတ်ကြပါတယ်။ ဒါဟာ တော်တော်ငယ်တဲ့ အရွယ်မှာတင် အကျိုးရှိရှိအသုံးချတတ်နေတာပါ။ လက်ရှိမြန်မာပြည် ပညာရေးနဲ့ ယှဉ်ရင်တော့ တော်တော်ဝမ်းနည်းဖို့ ကောင်းပါတယ်။
တကယ်တော့ ဘယ်ပညာရပ်ကို လေ့လာသင်ယူနေတဲ့ ဘယ်ကျောင်းသားကိုမဆို IT gadgets တွေဖြစ်တဲ့ စမတ်ဖုန်း၊ Tablet တွေက ကောင်းကောင်းကြီး ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဆေးပညာ၊ အင်ဂျင်နီယာဘာသာရပ်၊ နည်းပညာ၊ စာရင်းကိုင်၊ ဒီဇိုင်းပညာ စတာတွေ အတွက်သာမက ကျန်းမာရေး၊ ဗေဒင်၊ သတင်း စတဲ့အသုံးဝင်မှုတွေ အတွက်ပါ App တွေများစွာ ဖန်တီးရေးဆွဲထားတာပါ။ မိမိလိုရာရှာနိုင်မယ့် အင်တာနက်နဲ့ပါ တွဲဖက်လိုက်ရင်တော့ ဒီပစ္စည်းတွေဟာ အဆင့်မြင့်လေ၊ ကိုယ့်အတွက် အသုံးဝင်လေပါပဲ။
အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်ဟာ တိုးတက်မှုတွေကို အမီလိုက်ဖို့ အများကြီး ကြိုးစားရမှာပါ။ အနာဂါတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိတာမို့လို့ ကြိုးစားဖို့ဟာ လူငယ်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ ကြိုးစားတယ်ဆိုတဲ့ နေရာမှာ လေ့လာခြင်းပါ တစ်ပါတည်း ပါဝင်နေပြီး အဲဒီလို လေ့လာဆည်းပူးဖို့ IT gadgets တွေကို ဖန်တီးပေးထားတာပါ။
စမတ်ဖုန်းတွေ၊ Tablet တွေကို ထုတ်လုပ်သူတွေဟာ ဖျော်ဖြေရေးသက်သက် ထုတ်လုပ်ထားတာ မဟုတ်ပေမယ့် မြန်မာပြည်မှာတော့ အများစုက ဖျော်ဖြေရေး ပစ္စည်းလိုပဲ သုံးနေကြပါတယ်။ ၎င်းတို့ရဲ့ အသုံးဝင်မှုဟာ များစွာရှိပြီး မိမိအတွက် ဘယ်လိုအထိရောက်ဆုံး အသုံးဝင်မလဲ၊ အကျိုးပြုမလဲ ဆိုတာကိုလည်း လူငယ်တွေ ကောင်းကောင်းလေ့လာ သုံးစွဲသင့်ပါတယ်။
www.myanmarconsumerguide.com

Related posts
- အသစ်ထွက်ရုပ်ရှင်ဇာတ်ကားကြီးများကို ကွန်ပျူတာ ၊ မိုဘိုင်းဖုန်းများ (Android/iOS) ပေါ်မှ တိုက်ရိုက်ကြည့်ရှုနိုင်မည့်ဆော့ဝဲထွက်ရှိ
- Smart Phone ရဲ့ ကင်မရာကို အသုံးချနည်းများ
- External hard drives နှင့်ပတ်သက်သော ပြဿ နာများအတွက်
- AMOLED နဲ့ IPS တို့ဘာကှာသလဲ ?
- Android Lollipop မှာပါဝင်လာတဲ့ factory reset protection Feature
Share this post
0 comments: