၂၀၁၄ ခုနှစ်မှာ ခေတ်စားလာမယ့် နည်းပညာများ

Posted in
No comments
Friday 13 December 2013 By htwe naing



သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Juniper က ၂၀၁၄ ခုနှစ်မှာ ခေတ်စားလာမယ့် နည်းပညာတွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။ Juniper ရဲ့ ခန့်မှန်းချက်သာမှန်မယ်ဆိုရင် ၂၀၁၄ ခုနှစ်မှာ Smart City တွေပေါ်ထွက်လာပါမယ်။ Digital ငွေကြေးတွေအသုံးပြုလာကြပါမယ်။ 3D Printer တွေကို အသုံးပြုပြီး ကုန်ပစ္စည်းတွေကို မိမိအိမ်မှာပဲ နှစ်သက်ရာ ဒီဇီုင်းနဲ့ ထုတ်လုပ်အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။
၁။ စမတ်မြို့တော်တွေပေါ်ထွက်လာမည်။
မြို့တော် တွေဟာ Sensors တွေနဲ့ Cloud အသုံးပြုတဲ့ Apps တွေကို တပ်ဆင်အသုံးပြုလာမှာဖြစ်ပြီး သယ်ယူပို့ဆောင်ရေးတွေ၊ မီတာခတွက်ချက်တာတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ လျှပ်စစ်မီးအားပေးဝေမှုတွေ၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်လှုပ်ရှားမှုတွေကို အလိုလိုဆက်သွယ်ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ Sensity က Sensor တွေတပ်ဆင်ထားတဲ့ လျှပ်စစ် ဓာတ်အားပေးမီးတိုင်တွေ တည်ဆောက်ဖို့ စီမံကိန်း ရေးဆွဲနေသလို၊ IBM ကလည်း San Francisco အတွက် Operating System တစ်ခု ရေးဆွဲနေပါတယ်။ Cisco ကလည်း Florida မြို့ကို Network ချိတ်ဆက်ပြီး လှုပ်ရှားအသက်ဝင် နေတဲ့မြို့အဖြစ်အကောင်အထည်ဖော်နေပါတယ်။
၂။ Mobile ဖုန်းတွေမှတစ်ဆင့် ငွေပေးပို့ရယူ မှုတွေများပြားလာမည်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် ဘဏ်ငွေသွင်း၊ ငွေထုတ်ခြင်းလုပ်ငန်းတွေ မိုအသုံးပြုလာကြမှာဖြစ်ပါတယ်။ ငွေကြေးလည်ပတ်မှုစနစ်တွေမှာလည်း မိုဘိုင်း ဖုန်းတွေကို ပိုမိုအသုံးပြုလာကြမှာဖြစ်ပါတယ်။ အာရှ နဲ့ အာဖရိက မှာလည်း မိုဘိုင်းအသုံးပြုမှု များပြားလာပြီး အာဖရိကမှာဆိုရင် ၈၀ ရာခိုင်နှုန်းက မိုဘိုင်းအသုံးပြုနိုင်ကြပြီဖြစ်ပါတယ်။ အာဖရိက Company တွေက mPesa လို Mobile Payment System တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်ပါတယ်။
၃။ ခန္ဓာကိုယ် မှာ ၀တ်ဆင်အသုံးပြုရတဲ့ Wearable Devices တွေ အသုံးပြုမှုများလာမည်။
Google က Google Glass စမတ်မျက်မှန်ကို အခုလောလောဆယ်မှာ အကန့်အသတ် နဲ့သာရောင်းချပေးနေပြီး ၂၀၁၄ ခုနှစ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရောင်းချမှာဖြစ်ပါတယ်။ Samsung ကလည်း စမတ်နာရီ ဖြစ်တဲ့ Galaxy Gear ကို ထုတ်လုပ်ရောင်းချနေပြီဖြစ်ပါတယ်။ Apple ရဲ့ iWatch နဲ့ အခြားသော ခန္ဓာကိုယ်မှာ ၀တ်ဆင်အသုံးပြုရတဲ့ Wearable Device တွေကလည်း မကြာမီ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ Wearable Device တွေဟာ ၂၀၁၄ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခေတ်စားလာမယ်လို့ Juniper ကပြောပါတယ်။ ဒါပေမယ့် Wearable Device တွေမှာ ကင်မရာ တွေ ပါရှိတဲ့အတွက် Privacy အတွက်တော့ စိုးရိမ်စရာဖြစ်လာပါမယ်။
၎။ iPad, Tablets တွေကို ပညာသင်ကြားရေးမှာ တွင်ကျယ်စွာ အသုံးပြုလာမည်။
Tablet တွေဟာ ပညာသင်ကြားရေးမှာ ဈေးနှုန်းသက်သာပြီး စွဲဆောင်မှုရှိတဲ့ ပစ္စည်းတွေဖြစ်လာပါမယ်။ Desktop PC, Laptops တွေရဲ့နေရာမှာ အဓိက အစားထိုးဝင်ရောက်လာမှာဖြစ်ပါတယ်။ Los Angeles မြို့ရဲ့ တစ်ချို့ကျောင်းတွေမှာ ကျောင်းသားတစ်ယောက်ကို iPad တစ်ခုပေးပြီး စာသင်ကြားရေးပြုလုပ်ဖို့ စီစဉ်နေသလို၊ ကလေး တစ်ယောက်ကို Laptop တစ်လုံးပိုင်ဆိုင်နိုင်ဖို့ အကောင်အထည်ဖေါ်နေတဲ့ One Laptop Per Child အဖွဲ့အစည်းကလည်း Laptop အစား Tablet တွေကို ပြောင်းလဲလှူဒါန်းဖို့ ပြုလုပ်နေပါတယ်။
၅။ သယ်ယူရလွယ်ကူတဲ့ ကျန်းမာကြံ့ခိုင်ရေး အထောက်အကူပြုပစ္စည်းများ အသုံးပြုမှုများပြားလာမည်။
၂၀၁၄ ခုနှစ်မှာ သယ်ယူရလွယ်ကူတဲ့ ကျန်းမာကြံ့ခိုင်ရေး အထောက်အကူပြုပစ္စည်းများ အသုံးပြုမှုများပြားလာမှာဖြစ်ပါတယ်။ အဲဒီ ပစ္စည်းတွေဟာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေအားလုံးမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေနေရာမှာ အစားထိုးဝင်ရောက်လာမှာဖြစ်ပါတယ်။
၆။ LTE အသုံးပြုသူ နှစ်ဆမြင့်တက်လာပြီး 4G LTE ကို စတင်အသုံးပြုလာကြမည်။
အင်တာနက် ဆက်သွယ်မှု နည်းပညာ အသစ်တွေဖြစ်တဲ့ LTE အသုံးပြုမှု နှစ်ဆမြင့်တက်လာမှာဖြစ်ပြီး ပိုမိုလျင်မြန်တဲ့ နည်းပညာတွေတောင် ပေါ်ထွက်လာနိုင်ပါတယ်။ T-Mobile အပါအ၀င် အမေရိကန် Mobile Carrier တွေဟာ အမေရိကန်တစ်နိုင်ငံလုံးနီးပါးမှာ LTE အသုံးပြုနိုင်အောင်ပြုလုပ်ပြီးပြီဖြစ်ပါတယ်။
၇။ Device တွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်လာကြပါမည်။
Smartphone, Smart Glass, Smart Watch အပါအ၀င် အီလက်ထရောနစ် Device တွေကို အသုံးပြုသူတွေက ကျွမ်းကျင်စွာ အသုံးပြုတတ်လာကြမှာဖြစ်ပါတယ်။ ဆက်စပ် App တွေဖြစ်တဲ့ Google Now, Siri လို App တွေကို တွင်ကျယ်စွာ အသုံးပြုလာကြတော့မှာဖြစ်ပါတယ်။
၈။ သေးငယ်တဲ့ ဂိမ်းစက်တွေ အသုံးပြုမှုများလာမည်။
PlayStation နဲ့ Xbox ဂိမ်းစက်တွေဟာ ဂိမ်းစက်တွေကြားထဲမှာတော့ ရေပန်းအစားဆုံးဖြစ်ပါတယ်။ ဒါပေမယ့် Ouya ဂိမ်းစက်ဟာ အလွန်သေးငယ်ပြီး ဈေးနှုန်းကလည်း နောက်ဆုံးထုတ် Xbox One ရဲ့ ၂၀ ရာခိုင်နှုန်းသာရှိပါတယ်။ PlayStation နဲ့ Xbox တို့ဟာ ဂိမ်းဆော့ကစားနိုင်ရုံသာမကဘဲ မီဒီယာတွေကိုလည်း ကြည့်ရှုခံစားနိုင်ပေမယ့် တစ်ချို့သူတွေကတော့ Ouya ကို ပိုမိုကောင်းမွန်တယ်လို့ ထင်မြင်ယူဆကြပါတယ်။
၉။ ကိုယ်ပိုင် Cloud တွေ အသုံးပြုလာကြမည်။
အမေရိကန် National Security Agency ကြောင့် Public Cloud တွေဟာ လုံခြုံမှုမရှိတော့ပါဘူး။ အဲဒီအတွက် ကိုယ်ပိုင် Cloud တွေ အသုံးပြုမှုများပြားလာကြမှာဖြစ်ပါတယ်။ Pogoplug ဟာ ကိုယ်ပိုင် Cloud ပေါင်း တစ်သန်းကျော် ၀န်ဆောင်မှုပေးခဲ့ပြီး ဖြစ်ပြီး BitTorrent Sync ကလည်း ကြားခံ Cloud တွေမလိုဘဲ Device တစ်ခုကနေ တစ်ခုကို ဖိုင်တွေပေးပို့ရယူနိုင်ပါတယ်။
၁၀။ 3D Printer တွေ ရောင်းအားကောင်းလာမည်။
3D Printer တွေဟာ ၂၀၁၃ ခုနှစ်မှာလည်း ရေပန်းစားတဲ့ Trend တစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာလည်း အခုနှစ်ထက် ပိုမို ရေပန်းစားလာမှာဖြစ်ပါတယ်။ HP, Samsung နဲ့ Microsoft တို့ကလည်း 3D Printer တွေ ထုတ်လုပ်ဖို့ စီစဉ်နေကြပါတယ်။
Juniper ရဲ့ ခန့်မှန်းချက်တွေဟာ ဖြစ်နိုင်ချေ အများကြီးရှိပါတယ်။ တစ်ချို့နည်းပညာတွေဆိုရင် အခုအချိန်မှာတောင် တွေ့မြင်အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ နည်းပညာရှင်တွေကလည်း လာမယ့်နှစ်တွေမှာ စမတ်မြို့တော်တွေ တည်ဆောက်ပေးမယ်လို့ ကတိပေးထားကြပါတယ်။ ဒါပေမယ့် ဒီလို စမတ်မြို့တော်တွေတည်ဆောက်ဖို့ ငွေကြေးသုံးစွဲနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။